မြို့တော်တစ်ခု ပျက်သုန်းခြင်း (သို့) ကြေကွဲဖွယ် ဇန္န၀ါရီညများ


ဤရေမြေဒေသတွင် ရခိုင်ဟူသော အမည်နာမဖြင့် ရခိုင်ပြည်ကြီးပေါ်ထွန်းခဲ့ရန် ကျွန်ုပ်တို့၏ ဘိုးဘီးများစွာ တို့သည် ရှေးနှစ်ပေါင်းများစွာ ကပင် ကြိုးစားလာခဲ့ ကြပါသည်။ ရခိုင်တို့၏ ခေတ်ဦးဖြစ်သော ဓည၀တီခေတ်ကို စတင်တည်ထောင် နိုင်ခြင်းနှင့် အတူ လှပသော နိဒါန်းကို အစပျိုးပေး ခဲ့ကြသည်။ ယင်းအစဦးခေတ် ကာလတွင်ပင် `ယေဓမ္မာ´ ဂါထာတော် ရွတ်ဖတ်သံ နှင့်အတူ ထေရ၀ါဒ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပြီး အထွဋ်အမြတ်ဖြစ်သော ဗုဒ္ဓ၏ ကိုယ်ပွား ဆင်းတုတော်ကို မျိုးဆက်များသို့ လက်ဆင့်ကမ်းကာ ဘာသာတရားရှိသော၊ ယဉ်ကျေးမှုရှိသော မြင့်မြတ်သည့် လူမျိုးတစ်မျိုး ဖြစ်ကြောင်းကို သက်သေထူ ပေးခဲ့ကြသည်။ သည်မှတဆင့် ခေတ်အဆက်ဆက် ရန်ဟူသမျှကို တွန်းလှန်ကာ တရွေ့ရွေ့ လှမ်းလျှေက်ပြီး ကမ္ဘာမြေပေါ်တွင် `ရခိုင်´ ဟူ၍ အဓွန့်ရှည် ကျန်ရစ်အောင် စွမ်းဆောင် ပေးခဲ့ကြသည်။

သို့ ဆောင်ကြဉ်းခဲ့ ကြရာတွင် လွယ်ကူချောမွေ့ ခဲ့သည်ချည်း မဟုတ်၊ ရန်ဘက်တို့၏ အကြိမ်ကြိမ် ဖျက်ဆီးချေမွခြင်း ခံရသည့် ကြားမှ
အကြိမ်ကြိမ် ရုန်းထခဲ့ကြရကြောင်း ကျွန်ုပ်တို့၏ သမိုင်းမှတ်တမ်း များက ညွှန်ပြလျက် ရှိပါသည်။ များစွာသော သွေး၊ ချွေး၊ အသက် ၀ိညာဉ် များကို စတေး၍ သူတို့၏ မြို့ရွာ ထီးနန်းများကို တည်ထောင်ခဲ့ကြရသည်။ ရခိုင်အောင်လံတော် လဲပြိုမကျ စေရန်၊ ရခိုင်စည်တော်သံ ဆိတ်သုဉ်း မသွားစေရန် ကြိုးပမ်းခဲ့ကြသော ရှေးဘိုးဘီး အဆက်ဆက်များသည် ကျွန်ုပ်တို့ အဖို့ အားကျဖွယ်ရာ ဖြစ်ခဲ့ပါသည်။

စွန့်လွှတ် အနစ်နာခံခဲ့ကြသော မျိုးချစ်ပုဂ္ဂိုလ် များကြောင့် ကျွန်ုပ်တို့၏ သမိုင်း တင့်တယ်ခဲ့သည်။ ဂုဏ်ရောင် တင့်ခဲ့သည်။ ယင်းနောက် တရိပ်ရိပ် တက်လာခဲ့ပြီး ပြည်ပသားများ အံ့သြလောက်ဖွယ်သော `မြောက်ဦးရွှေမြို့တော်´ ကို တည်ထောင်ပေးနိုင် ခဲ့ကြသည်။ ကျွန်ုပ်တို့ စည်းရုံးခဲ့ ကြသည်။ ကျွန်ုပ်တို့ ညီညွတ်ခဲ့ ကြသည်။ ကျွန်ုပ်တို့ အောင်ပွဲ အလီလီ ရခဲ့ကြသည်။ မြောက်ဦးသည် ကျွန်ုတို့ အဖို့ အောင်ပွဲခံသော ကာလ၏ ရွှန်းပသော သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။


သို့သော် ရွှေမြို့တော်သည် ခရစ် ၁၇၈၅ ခု၊ ဇန္န၀ါရီ ၂ ရက်နေ့တွင် ဘာသာတူ လူမျိုးကွဲများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး နောက်တွင်ကား ရွှေရောက်လက်နေသော မြို့တော်သည် ပြာပံအတိ ဖြစ်ခဲ့ရသည်။ မင်းနေပြည်တော်သည် သုဿာန်တစပြင် ဖြစ်ခဲ့ရသည်။ ယင်းအခါ သမယ၏ ဇန္န၀ါရီညများသည် ရခိုင်ပြည်သူများ အတွက် ကြေကွဲဖွယ်ရာ ဖြစ်ခဲ့ရသည်။ ပြင်းထန်သော နှိပ်ကွပ်ခံရမှုများ အောက်တွင် အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရပြီး မျက်ရည်ပင်လယ် ဝေခဲ့ကြရသည်။ ပြည်ဦးကင်းသည် ထိုးဖေါက်ခံခဲ့ရပြီး ပြည်ခြေလက်များသည် တုပ်နှောင်ချိုးဖဲ့ ခံခဲ့ကြရသည်။ စည်တော်သံများ တိတ်ဆိတ်ခဲ့ခြင်း နှင့်အတူ အရာရာ ဖရိုဖရဲ ပြိုကွဲပျက်စီး ခြင်းသို့ ရောက်ခဲ့ရသော ထိတ်လန့်ဖွယ် ညများ ဖြစ်ခဲ့ရသည်။

အတိတ်သမိုင်းသည် ဟိုးအဝေးတွင် လွမ်းဆွတ်ဖွယ် ကျန်ခဲ့ပါပြီ။ ကြေမွပျက်စီး ခဲ့ရပြီး ဖြစ်သော အတိတ်၏ ရွှေအိုရောင် ကာလများကို တမ်းတ၍ မျက်ရည်ကျခြင်းသည် အချည်းနှီးဖြစ်သည်ဟု ဆိုကြစေကာမူ ဘိုးဘီးတို့၏ ချစ်သော ရွှေမြို့တော် ပျက်သုဉ်းခဲ့ရခြင်း နှင့်အတူ မြေစာမြက်များ ဘ၀ကို ရောက်ခဲ့ရရှာသည့် ရခိုင်ပြည်သူ များစွာတို့၏ ကြေကွဲဖွယ် ဇန္န၀ါရီညများ ကိုကား ရခိုင်ပီသသော ရခိုင်သားအားလုံး တို့၏ နှလုံးသားထဲတွင် မည်သည့်အခါမျှ မေ့ပျောက်နိုင်ကြမည် မဟုတ်ပါ။



အယ်ဒီတာအာဘော်
RNDP တိုးတက်ရေး သတင်းလွှာ အတွဲ(၁)၊ အမှတ်(၁၄)
၃၀၊ ဒီဇင်ဘာ၊ ၂၀၁၁